Blogroll

ကချင်ပြည်နယ် တနိုင်းမြို့အနီး ငါးမိုင် ကျော်အကွာတွင် ဇွန် ၁၆ ရက်နံနက်က တိုက်ပွဲဖြစ်ပွား၍ ကားလမ်းခေတ္တပိတ်ခဲ့ကြောင်း သတင်းရရှိသည်။

တိုက်ပွဲဖြစ်ပွားရာ အနီးကျေးရွာမှ ဒေသခံတစ်ဦးက “နံနက်ရှစ်နာရီခွဲလောက်က ဖြစ်တာပါ။ ကောင်ရာကျေးရွာနဲ့ ငါးမိုင်ကျေးရွာကြားပေါ့။ ငါးမိုင်နဲ့ နီးတယ်။ လမ်းပေါ်မှာပဲ ပစ်ကြတာ။ မယ်သီလရင်ကျောင်း နည်းနည်းပါးပါး ထိခိုက်တယ်။ အရပ်သားတွေတော့ ဘာမှမဖြစ်ပါဘူး။ တပ်ကလည်းကားတွေကို တားထားတယ်။ ကေအိုင်အေကလည်း တားထားတယ်။ တစ်နာရီလောက်ပဲ ကြာတယ်။ လမ်းပြန်ပွင့်သွားတယ်။ ကေအိုင်အေတွေလည်း တောထဲဘက် ၀င်သွားကြတယ်။ တိုက်ပွဲဖြစ်ဖြစ်ချင်းတော့ ရွာသားတွေ ထွက်ပြေးကြတယ်။ နောက်တော့ တိုက်ပွဲမရှိတော့ဘူးဆိုမှ ကိုယ့်အိမ်၊ သူ့အိမ်ပြန်လာကြတာပေါ့” ဟု ပြောကြားသည်။

KIO/KIA ပြန်ကြားရေးအရာရှိ ဗိုလ်မှူးကြီးနော်ဘူက တိုက်ပွဲဖြစ်ပွားသည်ကို အရပ်သတင်းများအရ ကြားသိရပြီး တပ်ရင်းဌာနများက သတင်းပေးပို့လာခြင်း မရှိသေးကြောင်း ပြောကြသည်။

ဇွန် ၁၆ ရက်တွင် နှစ်ဖက်ပစ်ခတ်မှုများကြောင့် ထွက်ပြေးတိမ်းရှောင်လာသူ မရှိသေးကြောင်း သိရပြီး ယခင်နေ့များက ရွှေမှော်၊ ပယင်းမှော်များမှ တိမ်းရှောင်လာသည့်သူများမှာ တနိုင်းမြို့ပေါ်ရှိ KBC ခရစ်ယာန် ဘုရားကျောင်းဝင်းတွင် ဦးရေ ၅၀၀ ကျော်၊ RC ဘုရားကျောင်းတွင် ၁၀၀ ကျော်၊ မူရင် နှစ်ခြင်းကျောင်းတွင် နှစ်ရာကျော်၊ အင်္ဂလီကန်ကျောင်းတွင် ၁၂ ဦးရှိနေကြောင်း၊ စားဝတ်နေရေးကိစ္စများကို အသင်းတော် အသီးသီးက တာဝန်ယူ ကျွေးမွေးထားကြောင်း၊ ရက်ကြာလာပါက အခက်အခဲများ ဖြစ်လာနိုင်သည့်အတွက် အသင်းချုပ်များနှင့် ဆက်သွယ်ပြီး စည်းဝေးနေကြောင်း သိရသည်။

ဇွန် ၁၆ ရက်တွင် တနိုင်းဒေသမှ ထွက်လာသူများ အနည်းငယ်သာရှိနေပြီး ကားလမ်းပိုင်း အခြေအနေများမှာ အန္တရာယ်မကင်းသည့် အနေအထားဖြစ်သဖြင့် တနိုင်းအထိ ခရီးသည်နည်းနေကြောင်း မြစ်ကြီးနား-တနိုင်း ပြေးဆွဲနေသည့် မော်တော်ယာဉ် အသင်းများက ဆိုသည်။

တပ်မတော်က ရဟတ်ယာဉ်ဖြင့် ဇွန် ၅ ရက်တွင် ကြေညာပြီးနောက်ပိုင်း လူပေါင်းထောင်နှင့်ချီ ထွက်ပြေးလာကြပြီး ရွှေမှော်၊ ပယင်းမှော်များတွင် လုပ်ကိုင်နေသည့် လုပ်ငန်းရှင်များ ကျပ်သိန်းပေါင်း ရာနှင့်ချီ အရှုံးပေါ်ခဲ့ကြောင်း သိရသည်။

Eleven
Next
This is the most recent post.
Previous
Older Post

0 မှတ်ချက်များ:

Post a Comment

 
Top