![]() |
၂၂လမ်းထိပ်တွင် စည်းကမ်းမဲ့လမ်းပိတ်ရပ်ထားသော အမှိုက်လှည်းအား တိုက်မိရာ စည်ပင်သန့်ရှင်းရေးဝန်ထမ်းမှ ယာဉ်မောင်အား အော်ဟစ်ဆဲဆိုနေစဉ် |
ဇူလိုင်လ ၂၅ရက်နေ့ ည၁၀နာရီခွဲဝန်းကျင်ခန့်တွင် လသာမြို့နယ်၊ ဗန္ဓုလမ်းလမ်းမပေါ်ရှိ ၂၄လမ်းထိပ်တွင် အငှားယာဉ်တစ်စီးမှ လမ်းလယ်ခေါင်တွင် စည်းကမ်းမဲ့ ပိတ်ရပ်ထားသော အမှိုက်လှည်းအား ရွှေ့ပေးရန် ပြောဆိုရာမှ စည်ပင်သန့်ရှင်းရေးဝန်ထမ်းမှ မူးပြီး ရိုင်းပြစွာ ပြန်လည်ပြောဆိုရာမှ စကားများကာ ရန်ပွဲအစပြုခဲ့ပြီး စည်ပင်သန့်ရှင်းရေးဝန်ထမ်း၃ဦးထပ်မံ ရောက်ရှိလာပြီး အငှားယာဉ်မောင်းအား ၀ိုင်းဝန်းရိုက်နှက်ခဲ့ပြီး ထိုစည်ပင်သန့်ရှင်းရေး၎ဦးအား ရပ်ကွက်မှ ပြည်သူများက ၀ိုင်းဝန်းတားဆီးရာ ၃ဦးမှာ ထွက်ပြေးတိမ်းရှောင်သွားပြီး တစ်ဦးအား လသာမြို့မရဲစခန်းတွင် ဖမ်းဆီးထားကြောင်း သိရှိရသည်။
"စည်ပင်အမှိုက်လှည်းကို တက္ကစီကားသမားက နည်းနည်းရွှေ့ပေးဖို့ပြောတာကို အလုပ်လုပ်နေတယ် မမြင်ဘူးလားတို့ မဖယ်ပေးနိုင်ဘူး၊ သတ္တိရှိရင် တိုက်သွားလို့ မူးပြီး ရန်ရှာပြောဆိုတာကို တက္ကစီကားသမားက ဒေါသထွက်ပြီး ပြန်ပြောတာကို တခြားသန့်ရှင်းရေးတွေ ရောက်လာပြီး ကားသမားကို ၀ိုင်းရိုက်ကြတာပဲ၊ ကားမှန်လည်း ကွဲသွားတယ်၊ ကားသမားက ကောင်းကောင်းပဲပြောတာပါ၊ ဒါကို သူတို့က အုပ်စုဖွဲ့ ဥပဒေမဲ့ ရမ်းကားကြတယ်။ ဘေးပတ်ဝန်းကျင်က ၀ိုင်းပြီး စည်ပင်တွေကို ရိုက်ပြီး လိုက်ဖမ်းတော့ စည်ပင်ကထွက်ပြေးသွားတယ်၊ ၄ယောက်မှာ ၁ယောက်ကိုတော့ မိထားပြီး အခု လသာစခန်းကို ရဲတွေ လက်ထိပ်ခတ်လာခေါ်သွားတယ်။"ဟု ၂၄လမ်းထိပ်ရှိ ထမင်းဆိုင်မှ ပြောပြသည်။
ဇူလိုင်လ ၂၄ရက်တွင်လည်း ဗန္ဓုလလမ်းမပေါ်ရှိ ၂၂လမ်းထိပ်တွင် စည်ပင်မှ အမှိုက်လှည်းမှ လမ်းလယ်ခေါင်တွင် စည်းကမ်းမဲ့ လမ်းပိတ်ရပ်ထားစဉ် မော်တော်ယာဉ်တစ်စီး၂၂လမ်းထဲမှ ထွက်လာသော မော်တော်ယာဉ်တစ်စီးနှင့် အနည်းငယ်တိုက်ခိုက်မိရာမှ သန့်ရှင်းရေးဝန်ထမ်းမှ ယာဉ်မောင်းအား အော်ဟစ် ဆဲဆို ရန်ရှာခဲ့ကြောင်းလည်း မျက်မြင်တွေ့ရှိသူ ပတ်ဝန်းကျင်မှ ပြည်သူများ၏ ပြောပြချက်အရ သိရှိရသည်။
စည်ပင်သာယာသန့်ရှင်းရေးဝန်ထမ်းများသည် အမှိုက်လှည်းရာတွင် လက်ဘက်ရည်ဆိုင်များတွင် ထိုင်၍ စားသောက်နေကြသော ပြည်သူများကို မထီမဲ့မြင်ပြုကာ စားသောက်နေသော စားပွဲဝိုင်းများအနီးတွင်လည်း အမှိုက်လှည်းခြင်းများ ပြုလုပ်ခြင်းများ၊ အမှိုက်လှည်းဖြင့် ပြည်သူများအား တွန်းတိုက်ခြင်းများ၊ ကားဂိတ်ရှိ ပြည်သူများကားရပ်စောင့်နေရာတွင်လည်း ပြည်သူများအား ရှောင်ရှားခြင်းမရှိဘဲ အမှိုက်လှည်းခြင်းများကြောင့် ပြည်သူများအနေဖြင့် စည်ပင်သာယာ၏ စော်ကားမှုများကို နေ့စဉ်ခံနေရဆဲဖြစ်သည်။
"စည်ပင်တွေဆို နက်ပြာဝတ်တဲ့ကောင်တွေကအစ သန့်ရှင်းရေးအဆုံး တော်တော်ရိုင်းကြတယ်၊ သူတို့ကို သူတို့ ဘာထင်နေကြလဲမသိဘူး၊ သူတို့ပဲ အလုပ်ရှိသလိုလို၊ တစ်တိုင်းပြည်လုံးကို ရှာကျွေးထားသလိုနဲ့ ပြည်သူတွေအပေါ်ကို မိုက်ရိုင်းလွန်းအားကြီးတယ်၊ ဒါကြောင့် စည်ပင်သာယာဆိုရင် ပြည်သူ့တံတွေးခွက်ထဲမှာ နာမည်ဆိုးနဲ့ ပြည်သူ့အမုန်းတရားကို ခံနေကြရတာပဲ၊ ပြည်သူက ဘယ်တော့မှ စည်ပင်ဆိုရင် လုံးဝရွံရှာကြတာ ပြောစရာမလိုဘူး၊ လူတိုင်းသိမှာပါ။"ဟု လသာမြို့နယ်တွင် နေထိုင်သော ဦးစောမင်းအောင်ကဆိုသည်။
စည်ပင်သာယာဝန်ထမ်းများ၏ ရိုင်းစိုင်းမှု၊ ပြည်သူ့အပေါ် မထီမဲ့မြင်ပြုမှု၊ ပြည်သူတို့၏ တိုင်ကြားမှုများအပေါ် မသက်ဆိုင်ဘူး၊ လုပ်ပိုင်ခွင့်မရှိဘူးဟု ဆိုပြီး အရေးမစိုက်မှု၊ လမ်းဘေးဈေးသည်များထံမှ တောင်းရမ်းစားသောက်မှုများကြောင့် စည်ပင်သာယာအပေါ် ပြည်သူများက လေးစားမှုမရှိသည့်အပြင် ရွံရှာ မုန်းတီးနေကြသည်။
ကေ
0 မှတ်ချက်များ:
Post a Comment